Tuesday, March 19, 2013

ဘာသာကြီးလေးရပ် အကြောင်း

ဂျူးအမြင်


ခရစ်ယာန်များဟု လူများအထင်မှားခံရပြီး တစ်အိမ်တက်ဆင်း ယေရှုသည်ဘုရား မဟုတ်ကြောင်း သက်သေခံနေသည့် ယေဟောဝါ ခေါ် ကင်းမျှော်စင်အဖွဲ့ အား အိမ်ရိပ်ပင်အနင်းမခံဖို့ သမ္မာကျမ်းစာက ပညတ် ထားသည့်အတွက် ( ၂ယော) ထိုသူတို့၏ ယုံကြည်ချက်နှင့် ခရစ်ယာန် တို့အပေါ်အမြင်ကို မဖေါ်ပြတော့ပါ။
ဂျူးဘာသာဝင်တို့၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ် အမြင်
အိုဣသရေလနားထောင်လော့ ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။ ယေရှုကို လောကနီတိနှင့်ဆိုင်သော ကောင်းသောဆရာတစ်ပါးဟု ခံယူကြသော်လည်း မေရှိယအနေဖြင့်လက်မခံကြပါ။ အကြောင်းမှာ ယေရှုသည် ရေရှည်ငြိမ်းချမ်းမှုကို မယူဆောင်နိုင်ခြင်း၊ သခင်ယေရှု ကိုယ်တိုင်က မေရှိယဟုကြေငြာ သော်လည်း ဂျူးအတွေးခေါ်၌ မေရှိယ ဟူသည် ဘုရားသခင်စေလွှတ်ခြင်းခံရသူဖြစ်ပြီး တစ်ဦးချင်းကို အပြစ်မှ ကယ်တင်သူမဟုတ်ဘဲ၊ လူမျိုးစု တစ်ခုလုံးကို ဖိနှိပ်မှုမှ ကယ်တင်သူသာ ဖြစ်သည်။ ယေရှုကြွလာစဉ်ဂျူးတို့က သူတို့ကို ရောမတို့၏ဖိနှိပ်အုပ်ချုပ်ခံဘဝမှ ကယ်တင်မည့်အရှင်နှင့်သူရဲကောင်းဟု ထင်ခဲ့ သော်လည်း ထိုသို့မဟုတ်ကြောင်းသိမြင် လာသောအခါ ဂျူးတို့ကဘဲ ယေရှုကို ကားစင် တင်သတ်စေလျက် တော်လှန်ရေး ခေါင်းဆောင် ဗာနဗကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အပြစ်နှင့်ပတ်သက်၍ လူသည် မွေးလာစဉ်အပြစ်မပါခဲ့သလို ကောင်းမြတ်သူ အဖြစ်လည်းမွေးလာခြင်းမဟုတ်ပါ၊ လွတ်လပ်စွာမွေးလာပြီး၊ ကောင်းမကောင်း ကိုရွေးချယ်ခွင့်ရှိသည်။ မိမိလုပ်သမျှ အတိုင်း မိမိ ဖြေရှင်းရမည်။ ကယ်တင်ခြင်း နှင့်ပတ်သက်၍ မည်သူမဆို တစ်ဆူတည်းသော ထာဝရဘုရားအား ဆက်ကပ် အပ်နှံခြင်း နှင့် ကောင်းမွန်စွာ ကျင့်ကြံခြင်းရှိပါက ကယ်တင်ခြင်းရနိုင်သည်ဟု ယုံကြည်ကြပါသည်။ ဂျူးဘာသာဝင်များက နောင်ဘဝကိုမျှော်လင့် သော်လည်း ယခုဘဝ၌ ကောင်းစွာ အသက်ရှင်ခြင်းသည် (ဘာသာတရားနှင့်ဆိုင်သော ကျင့်ဝတ်များ) နောင်ဘဝအတွက် ပြင်ဆင်မှုမဟုတ်ရပါဟု ယုံကြည်ကြပါသည်။

 

ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ


ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ

ဘာသာတရားတိုင်းရဲ့ဆုံးမသွန်သင်မှုတရားလမ်းကကောင်းရာဘုံသို့ရောက်စေမည် မဟုတ်လား?
လမ်းအားလုံး ရောမမြို့သို့ရောက်၏ဟု အလွယ်ဆိုတတ်ကြပေမယ့် တမလွန် ခရီးသည် မျက်မြင်ရသော ရောမမြို့သို့သွားရာ လမ်းခရီးနှင့်လုံးဝမတူပါ။ သင်လုံး ဝမရောက်ဖူးသည့်နေရာသို့ လမ်းပြမြေပုံကိုကြည့်ပြီး ရောက်နိုင်သည်ဆိုပါက ကမ္ဘာပေါ် တွင် လမ်းပြဆိုသည့် အလုပ်လုံးဝရှိတော့မည်မဟုတ်ပါ။ မျက်မြင်ရသော လောကကြီး၌ ပင် လမ်းပြလိုအပ်လျှင် မျက်မြင်မရသော တမလွန်ခရီး အတွက် အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း။ တမလွန်ခရီးကို တမလွန်ကမ္ဘာမှလာသော အရှင်ကသာလျှင် လမ်းပြပေး နိုင်ပါလိမ့်မည်။
သေပြီး ဘယ်ကိုရောက်မည်ဆိုတာ သေသောအခါမှသာ လျှင်အတိအကျ သိမည်မို့ သေခြင်းတရားကိုအောင်မြင်သောအရှင်က ပြသောလမ်းမှ သာလျှင် တိကျပေ လိမ့်မည်။ ထိုကဲ့သို့သော အရည်အချင်းနှင့်ပြည့်စုံသူ ကမ္ဘာ့သမိုင်းတွင် ယေရှုတစ်ပါး တည်းသာ ပေါ်ထွန်းခဲ့ပါသည်။ သင်မရောက်ဖူးသောနေရာသို့ သင်၏ အသက်အိုးအိမ် စည်းစိမ်ကိုအပ်ပြီး သင်မသိကျွမ်းသော လမ်းပြနှင့် ခရီးသွားလျင် စိုးရိမ်မှုကင်းသော စိတ်ချရာလမ်းခရီးဖြစ်ပါတော့မည်လား။ ယနေ့သင့်တမလွန်ခရီးအတွက် စိုးရိမ်မှု ကင်းလျက် စိတ်ချရာလမ်းပြကိုရပြီးပါပြီလား။
ကျွန်တော့်အိမ်ကို အဘယ်ကဲ့သို့သွားရမည်၊ ကျွန်တော့်အိမ်မှာ ဘာတွေရှိ သည်ကို သင်သိနိုင်ပါသလား၊ သို့သော် ကျွန်တော့် အိမ်ကို ဘယ်လိုသွားရပြီး အိမ်မှာ ဘာတွေရှိသည်ဆိုသည်ကို ကျွန်တော်သာ အသိဆုံဖြစ်၍ ကျွန်တော်ပြောပြမှသာ သင်သိနိုင်သလို ကျွန်တော် ပြောပြသော လမ်းအားဖြင့်သာလျှင် ကျွန်တော့်အိမ်သို့ ရောက်နိုင်မည်ဖြစ်ပါသည်။ ထိုနည်း၎င်း တမလွန်ခရီးနှင့် ကောင်းကင်ဘုံအကြောင်းကို တမလွန်ကမ္ဘာမှလာသော ယေရှုပြောသောလမ်းသည်သာ စိတ်ချနိုင်မည် ဖြစ်ပါ ပေသည်။

 

အစ္စလာမ်ဘာသာ၏ အမြင်


အစ္စလာမ်ဘာသာ၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ်အမြင်
အလ္လာမှတစ်ပါး အခြားသောဘုရား လုံးဝမရှိဟုယုံကြည်၏။ ယေရှု ခရစ်တော်သည် အာဒံ၊ နောဧ၊ အာဗြဟံနှင့် မောရှေကဲ့သို့ လူတစ်ဦး၊ ပရောဖက် တစ်ပါးဖြစ်သည်။ ထိုသူအားလုံးတို့သည် မိုဟာမက်လောက် အရေးမပါပါ။ လူသားတို့ အပြစ်အတွက် လက်ဝါး ကပ်တိုင်တွင် အသေခံသူမှာ ခရစ်တော်မဟုတ်၊ ယုဒသာ ဖြစ်နိုင်သည်ဟုဆို၏။ အပြစ်နှင့်ပတ်သက်၍ အလ္လာ၏ အလိုဆန္ဒကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည်အပြစ်၊ အစ္စလာမ်တို့၏မဏ္ဍိုင် ငါးချက်ကို လိုက်လျှောက်ရန် ပျက်ကွက်ပါကလည်းအပြစ်ဖြစ်၏။ ကယ်တင်ခြင်းရရန် မိမိကိုယ်တိုင် ကြိုးစား အားထုတ်ရမည်ဖြစ်ပြီး မိမိအပြစ်အတွက် မိမိသာ ပေးဆပ်ရမည်ဖြစ်ပါသည်။
 

ဟိန္ဒူအမြင်ကလေးများ


ဟိန္ဒူဘာသာသာ၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ်အမြင်
ဗြဟ္မဏခေါ် ဟိန္ဒူဘုရားသည် ပုံသဏ္ဌာန်မရှိ၊ အကောင်အထည်ဖေါ်၍မရ၊ ဂုဏ်တော်ဖေါ်၍မရသော ထာဝရရှိသည့် ဘုရား ဖြစ်၏။ သုံးပါးမကသန်းပေါင်း များစွာ သော ဘုရားငယ်များလည်းရှိသည်ဟု ယုံကြည်သည်။ သခင်ခရစ်တော်ကို လူဝင်စားသောသူ များစွာအနက် တစ်ပါးဖြစ်၏။ ယေရှုသည်ဘုရားသားတော်မဟုတ်၊ သာမာန်လူသာ ဖြစ်ပြီး လူသားများ၏ အပြစ်အတွက်အသေခံခဲ့ သည်မဟုတ်ပါ။ အပြစ်နှင့်ပတ်သက်၍ လောကတွင်အဆိုးနှင့်အကောင်း ‘ဒွန်တွဲနေ၏။ ကူညီမစမှု မှန်သမျှသည် အကောင်းဖြစ်ပြီး၊ ဆီးတားနှောက် ယှက်မှုမှန်သမျှသည် ဒုစရိုက်ဖြစ်၏။ မိမိ အားထုတ်ကြိုးပမ်းမှုဖြင့် မိမိ၏အကုသိုလ်ကို ချေဖျက်ခြင်းငှါမစွမ်းနိုင် ကြောင်းလည်း သိ၏။ ဤဘဝတွင် ကြိုးစား၍မရပါက နောင်ဘဝတွင် ဆက်လက်ကြိုးစားနိုင်ပါသည်။ ဖြောင့်မတ်ရာသို့ရောက်ဖို့ဝတ်ပြုခြင်း၊ တရားထိုင် ခြင်း၊ ကောင်းမှုကုသိုလ်နှင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်းအားဖြင့် ရနိုင်ကြောင်းယုံကြည်ကြပါသည်။

 

အမြင်ကလေးများ


ဗုဒ္ခဘာသာ၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ်အမြင်
တစ်ဆူတည်းသော ဘုရားရှိခြင်းကို လက်မခံသကဲ့သို့ ဖန်ဆင်းခြင်းကိုလည်း လက်မခံပါ။ သခင်ယေရှုအားဗုဒ္ဓလောက် အရေးမပါသော ဆရာကောင်းတစ်ပါးအဖြစ် သတ်မှတ်ပါသည်။ အပြစ်နှင့်ပတ်သက်၍ လူတို့၏ တိုးတက်မှုကိုနှောင့်နှေးစေသော အရာမှန်သမျှအပြစ်ဖြစ်ပြီး မိမိလွန်ကျူးသောအပြစ်အတွက် မိမိတွင်သာ တာဝန်ရှိပါသည်။ ကောင်းရာဘုံသို့ရောက်ဖို့ မိမိ၏ပြုမူကျင့်ကြံအား ထုတ်မှု အပေါ်၌ သာတည်၏။
 

ခရစ်ယာန်တို့၏ ယုံကြည်ချက်

ခရစ်ယာန်တို့၏ ယုံကြည်ချက်

ဘုရားတစ်ဆူတည်းရှိသည်ဟု ယုံကြည်ပြီး ထိုတစ်ဆူတည်းသော ထာဝရ ဘုရားသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ သုံးပါး တစ်ဆူဖြစ်သည်။ သုံးပါးတစ်ဆူဖြစ်ရခြင်းအကြောင်းမှာ တန်ခိုးတူ၊ ဂုဏ်ရည်တူ၊ ထာဝရ တည်ရှိတော်မူခြင်း အတူတူဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ (မ ၃း၁၃-၁၇၊ ၂၈း၁၉၊ ၂ကော ၁၃း၁၄)
လူတွင် ထာဝရတည်သော အသက်ဝိညာဉ်ရှိပြီး ခန္ဓာမှာ အသက် ဝိညာဉ်ခေတ္တကျိန်းဝပ်ရာ ယာယီအိမ်သာဖြစ်ပါသည်။ လူအစစ်အမှန် မှာ ထာဝရ မသေနိုင်သော နာမ်ဝိညာဉ်ဖြစ်ပါသည်။ (က ၁း၂၆၊ ၅း၁၊ ယောဘ ၃၂း၈၊ တ ၇း၅၉၊ ၁ကော ၁၁း၇)
ယေရှုခရစ်တော်သည် သုံးပါးတစ်ဆူဘုရား၌ တစ်ပါးအပါအဝင်ဖြစ်ပြီး ဘုရား စစ်စစ်ဖြစ်တော်မူ၏။ လူသားတို့ အပြစ်အတွက် လောကသို့ လူ့ဇာတိခံယူခဲ့ပြီး အသေ ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခဲ့သော အရှင်လည်း ဖြစ်တော်မူ၏။ မျက်မြင် မရသော ဘုရား၏ သဏ္ဍာန် တော်ကိုသိရန်လူ့ဇာတိခံယူခဲ့သော လူသား ဘုရားလည်း ဖြစ်တော မူ၏။ (ယော ၁း၁၊ ၁း၁၄၊ ကော ၁း၁၅-၁၉၊ ၁ယော ၅း၇-၈)
လူသားတိုင်း အပယ်ငရဲမှလွတ်၍ ကောင်းကင်ဘုံသို့ရောက်ရှိရန် သခင်ယေရှု ၏ လုပ်ဆောင်ပေးမှု သက်သက်ကြောင့်သာ ရရှိ နိုင်ကြောင်းယုံကြည်၏။ (တ ၄း၁၂၊ တိတု ၃း၅၊ ဧ ၂း၈-၁၀)
 

ဂေါတမ

 
ဗုဒ္ဓသည်လည်း တမလွန်ကမ္ဘာမှ ကြွဆင်းလာသော ဘုရားလောင်း ဖြစ်သည့် အတွက် ဗုဒ္ဓ၏တရားလမ်းသည်မခိုင်လုံဟု ဆိုနိုင် ပါသလား?
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကျင့်ခဲ့သည့် ပါရမီရှင် ဘုရားလောင်း ဖြစ်သည့်အတွက် မွေးမွေးခြင်း လမ်းထလျှောက်ကာ ငါသည် အကြီးမြတ်ဆုံး၊ အဦးဆုံး ဟုကြွေးကြော်ခဲ့သည်ဟု ကျွန်တော်တို့သိရပါသည်။ ထိုမျှလောက်ကြီးမြတ်သောအရှင်ဖြစ်ရိုးမှန်လျှင် အဘယ့်ကြောင့် အိမ်ထောင်ပြုသားမွေးပြီး စွန့်ထားခဲ့ရပါသနည်း။ အချို့ကလည်း တောမထွက်မှီအထိ လူထဲကလူဖြစ်သည်ဆိုလျှင် တောစထွက်စဉ် ရှစ်ဥသဘအကျယ်ရှိသောမြစ်ကြီးကို စီးမြင်းအားအမှတ်ပေးလိုက်သည်နှင့် လွှားကနဲ ခုန်လိုက်ရာ မြစ်တစ်ဖက်ကမ်း ကိုရောက်လေ၏ဟုဆိုပြန်၏။ ဘုရားမဖြစ်မှီ ထိုတန်ခိုး ဘယ်ကရပါသလဲ။ လူသားထဲမှ ကျင့်ကြံ အားထုတ်ကာ ဘုရားဖြစ်လာသည့် လူသား ဘုရားဟုလည်း အချို့ကဆိုပြန်ရာ သို့ဆိုလျှင် ဗုဒ္ဓဟောသည့် ငရဲ၊ သုံးဆယ့်တစ်ဘုံ နှင့် နိဗ္ဗာန်တို့ကို အဘယ်သူကဖန်တီး ချုပ်ကိုင်ထားပြီးဗုဒ္ဓ နှင့်ဘယ်လို ပတ်သက်မှု ရှိပြန်ပါသလဲ။ နောက်ဆုံးဗုဒ္ဓသည် လူသားထဲမှ လူသားဘုရားဖြစ်၏ဟူ၍သာ ဆွေးနွေး ရာတွင် အဖြေထွက်သည့်အတွက် ဗုဒ္ဓသည်တမလွန်ကမ္ဘာမှလာသော အရှင် မဟုတ်ပါ။ဗုဒ္ဓ၏တရားလမ်း သည်လည်း လူသားထဲမှ လူသားချင်း ပြသောလမ်းသာလျှင် ဖြစ်ပါ သည်။ဗုဒ္ဓ၏ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း ကျန်ခဲ့ပြီး သေခြင်းတရားကို အောင်မြင်ခဲ့ခြင်း မရှိသော အရှင်လည်း ဖြစ်ပါသည်။ ဗုဒ္ဓသည် မကိုးကွယ်ထိုက်သော အရှင်နှင့် တရားမှားပြသူဟု မဆိုလိုပါ။ ရွေးချယ်မှု အပိုင်းကသင့်အပိုင်း သာလျှင် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သော ဗုဒ္ဓအကြောင်း (ဘီစီ ၅၆၃-၄၈၃ ခန့်)
ဗုဒ္ဓသည်အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ နီပေါနယ်စပ်အနီး ကပ္ပိလဝတ် မြို့တော်ကို အုပ်ချုပ်သည့် ဘုရင်တစ်ပါး၏ သားတော် ဖြစ်ပါသည်။ ငယ်စဉ်က တည်းကပင် လောကီစည်းစိမ်ကို တပ်မက်မှုမရှိပါဘဲ တရားကိုရှာ လိုသော သဘောသာ ရှိ၏။ အသက်တစ်ဆယ့် ခြောက် နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး ပထမသားဦးကို ရချိန် အသက် သုံးဆယ်ခန့်တွင် တောထွက်ခဲ့ပါသည်။ ငါးနှစ်အတွင်း တရားကိုရရန် ပြင်းထန်စွာကျင့်ကြံအားထုတ်ခဲ့ပြီး မရသည့်အဆုံး အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်ကြံ အားထုတ်ရာ လူသားတိုင်း ကျင့်ကြံအားထုတ်နိုင်ပြီး နိဗ္ဗာန်သို့ ရောက်နိုင်သော သစ္စာ တရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်ကို သဗ္ဗညုတဥာဏ်တော်နဲ့ သိခွင့်ရခဲ့ ပါသည်။  ထို့နောက် လောဘ၊ ဒေါသ၊ မောဟ တို့ ကင်းငြိမ်းရာ သစ္စာတရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်တို့ကို လှည့်လည် ဟောကြားခဲ့ပြီး နောက်လိုက်များလည်း ရှိလာကာ သက်တော်ရှစ်ဆယ် အရွယ်တွင် ပျံလွန်ခဲ့ပါသည်။
ဗုဒ္ဓပျံလွန်ပြီးဗုဒ္ဓဘာသာသည် ဂိုဏ်းငယ်လေးတစ်ခုအသွင်အဖြစ်သာ နှစ်ပေါင်း သုံးရာခန့် တည်ရှိ နေပါသော်လည်း ဘီစီ သုံးရာခန့်တွင် အိန္ဒိယ နိုင်ငံကိုအုပ်ချုပ်သော အာသောကဘုရင်မင်း နန်းတက်ခဲ့ ပါသည်။ ထိုဘုရင်မင်းမြတ်သည် သူကိုယ်တိုင် ဗုဒ္ဓကိုကိုးကွယ်ရုံတင်မက သူ့တိုင်းသူပြည်သားအားလုံးကိုလည်း ကိုးကွယ်စေခဲ့ ပါသည်။ ‘ဒါတင်မက အိမ်နီးချင်းနိုင်ငံများသို့လည်း သာသနာပြုများ စေလွှတ် ခဲ့ပါ သည်။ အာသောက ဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း ဘုရင်များက ဗုဒ္ဓဘာသာကို လက်မခံဘဲ နှိပ်ကွပ်ခဲ့ပြန်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ယခုအခါ ဗုဒ္ဓဘာသာဝင်များမှာ မရှိသလောက်ပင် ဖြစ်ပါသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ အချို့တွင်တော့ ဗုဒ္ဓသာသနာထွန်းကားခဲ့ပြီး ယနေ့ကမ္ဘာပေါ်တွင်ဗုဒ္ဓကို သက်ဝင် ယုံကြည်ကိုးကွယ်သူလူပေါင်း သန်းလေးရာခန့် ပင်ရှိပြီဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓကတည်ထောင် ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဗုဒ္ဓသာသနာကို ပြန့်ပွါးဖို့ အဓိကလုပ် ဆောင်ခဲ့သူမှာ အာသောကဘုရင်မင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နောက်ထပ် မှတ် သားစရာ တစ်ခုအနေဖြင့်ဗုဒ္ဓသည် မည်သည့်စာပေ ကျမ်းဂန် တစ်ခုကိုမျှ ရေးသား မထားခဲ့ပါ။ ဗုဒ္ဓလွန်ပြီး ၄၅၈ နှစ်အကြာမှ သီဟိုရ်ကျွန်း(သီရိလင်္ကာ)တွင် မင်းကြီနှင့် ရဟန်းများကပြန်လည်ပြုစု ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ ထိုကျမ်းတို့ကို လူသားအစဉ် အဆက်လက်ဆင့်ကမ်းအာဂုံဆောင်ခဲ့ကြသည်ဟုလည်းဆိုထားပါသည်။

ယေရှုသည် ထာဝရဘုရား၏ အမှုတော်မြတ် ကိုဆောင်ရွက်ရာတွင် ပြီးပြတ်ခဲ့ခြင်းမရှိသည့်အတွက် တမန်တော်မိုဟာမက်ကို ထာဝရဘုရားက စေလွတ်လိုက်ခြင်း ဖြစ်သည် ဟူသောအဆိုမှာ  ဟုတ်မှန်ပါသလား?
လူပုဂ္ဂိုလ်တစ်ဦး၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့်အားဖြင့်သာလျှင် ထိုပုဂ္ဂိုလ် သည်အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း အသိအမှတ် ပြုနိုင်ပါသည်။ ဥပမာ မောရှေကို ထာဝရဘုရားစေလွှတ်သောတမန်တော်ဖြစ်ကြောင်း ခရစ်ယာန်၊ ဂျူး နှင့် အစ္စလမ် ဘာသာဝင်များ အားလုံးက လက်ခံကြပါသည်။ အကြောင်းမှာ မောရှေသည် ထာဝရဘုရားစေလွှတ်သော တမန်တော်ဖြစ်ကြောင်း ထာဝရဘုရားနှင့် ဆိုင်သည့် သဘာဝလွန် တန်ခိုးနိမိတ်များနှင့် သက်သေများတို့က အခိုင်အမာရှိနေပါသည်။ သို့သော် မိုဟာမက်တွင် ထာဝရဘုရားနှင့် ဆိုင်သော အမှုအရာများနှင့် ပြုခဲ့သော သဘာဝလွန် တန်ခိုးနိမိတ်များမတွေ့ရလို့ ၄င်းသည် ထာဝရဘုရား စေလွှတ် သော တမန်တော်ဖြစ်ခြင်းကို လူအားလုံးကလက်မခံပါဘဲ အစ္စလမ်ဘာသာဝင်များကသာ လက်ခံကြခြင်း ဖြစ်ပါသည်။ သို့သော် ယေရှု ကို လူတို့ လက်မခံကြခြင်းမှာ ယေရှုသည်ဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် အဆိုအမိန့်တို့ ခိုင်လုံစွာရှိပါလျက် ငြင်းပယ် ကြခြင်း သာလျင် ဖြစ်ပါသည်။
 

မတူညီကြပါ


ခရစ်ယာန်ဘာသာ၏ဘုရားသည် မွတ်ဆလင်တို့ကိုးကွယ်ယုံကြည်ရာ ဖန်ဆင်းရှင်ဘုရားနှင့် အတူတူ မဟုတ်ပါလား ?
လုံးဝမတူညီပါ၊ ကိုရမ်ကျမ်းတွင် အလ္လာသည် အပြစ်သားများ၊ မယုံကြည် သူများ၊ မာနထောင်လွှားသော သူများကို လုံးဝ မချစ်ကြောင်း အထပ်ထပ်အခါခါ ဖေါ်ပြထားပါသည်။ သမ္မာကျမ်းစာမှာတော့ ဘုရားသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး လူသားများအပြစ်ရှိ စဉ်ပင် အသေခံကာအသက်ပေး ကယ်တင်သော ဘုရားဖြစ်၍ အဘယ်မျှလောက်လူသားများကိုချစ်ကြောင်း သွန်သင်ထားပါသည်။ (ရော ၅း၈) ထိုကျမ်းပိုဒ်သည် မိမိကိုယ်ကိုအပြစ်သားဟု ခံယူသူတို့အတွက် သတင်းကောင်းလည်း ဖြစ်ပါသည်။ ယေရှုကို ယုံကြည်ခြင်းအားဖြင့် အပြစ်ပြေလျက် အပြစ်သားမှ ဘုရားသား ဖြစ်လာပြီး ဘုရား၏အမွေခံရမည်ဟုလည်း ဂတိပေးထားပါသည်။ ထိုအခါ ဘုရားကို ခရစ်ယာန်များက အဖေ(အဗ္ဗအဖ) ဟုခေါ်ဆိုပြီး သားအဖတော်စပ်သူများအဖြစ် ရင်းနှီးစွာဘုရားနှင့် မိသဟာရ ဖွဲ့ကြပါသည်။ အစ္စလမ်ဘာသာ မှာတော့ ဘုရားနှင့် ထိုသို့ရင်းနှီးစွာ မိသဟာရဖွဲ့မှုမရှိဘဲ အလ္လာသည် လူသားများနှင့် ပါဝင်ရောယှက်မှု မရှိသည့် တရားသူကြီး အသွင် ဖြင့် တွေ့ရပါသည်။ အစေခံခြင်း၊ ပေးဆပ်ခြင်း၊ သစ္စာ စောင့်သိခြင်းအားဖြင့်သာ ဘုရားနှင့်ဆက်သွယ်ကြပါသည်။
သမ္မာကျမ်းစာတော်မြတ်တွင်ပါရှိသော ထာဝရဘုရားက ငါမှတစ်ပါး အခြားသောဘုရားမရှိဟု ပြတ်ပြတ် သားသားဆိုထား သည့်အတွက် အေဒီ၆၀ဝ ကျော်မှ ပေါ်ထွန်းလာသော အစ္စလမ်တို့၏ကိုရမ်ကျမ်းပါ အလ္လာ ဘုရားကို လုံးဝမရှိခဲ့သော ဘုရားအဖြစ် သမ္မာကျမ်းကို ယုံကြည်သူများက သတ်မှတ်ပါသည်။ (ဟေရှာ ၄၆း၉) ကိုရမ် ကျမ်း၏ စာပေအရေးအသားလှပမှုကိုအခြေခံ၍ ကျမ်း တစ်စောင်ဟု လူများ သတ်မှတ်သော်လည်း ထာဝရဘုရား၏ ဝိညာဉ်တော်မပါသောကျမ်းဟု ကျွန်ုပ်တို့က သတ်မှတ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ဘုရားသည် အပြစ်ရှိသူကိုမချစ်ခြင်း၊ သိပ္ပံနှင့်ကိုက်ညီမှုမရှိခြင်း (နေမင်းကြီးသည် ကမ္ဘာမြေကြီးထဲသို့ ဝင်သွားသညှ်ကမေ့ ၁၈း၈၆) ၊ နောက်တစ်ချက်အနေဖြင့် ထင်ရှားသောသမိုင်းမှန်ကန်မှုကိုငြင်းဆိုခြင်း (ယေရှု လက်ဝါးကပ်တိုင် တွင် အသေခံ ခြင်းကို ဆန့်ကျင်ထားသညှ်ကမေ့ ၄း၁၅၇ ) အစရှိသည်တို့ကြောင့် ထာဝရဘုရား၏ ဝိညာဉ်တော်မပါသောကျမ်းဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။

 

အယူဝါဒ


ဘာသာတရားအားလုံးတို့သည် အခြေခံအားဖြင့်တူညီသော အချက်တစ်ခု ကိုသင်ကြားပေးနေသည်မဟုတ်ပါလား ?
ထိုအယူဝါဒသည်ကျော်ကြားသော လူအများလက်ခံသည့် အယူဝါဒဖြစ်ပြီး ယေရှုသည်သာ တစ်ခုတည်းသော စစ်မှန်သည့် လမ်း ဆိုသည့်အယူဝါဒကိုအမြင် ကျဉ်းမြောင်းသောအယူဟု လူတို့လက်ခံထားကြပါသည်။ သို့သော် ထိုမေးခွန်းမှာ လုံးဝမမှန်ပါ။
ဘုရားဆိုင်ရာသွန်သင်မှုကို ကြည့်လျှင် အစ္စလမ်က အလ္လာ တစ်ပါး တည်းသာ ကိုးကွယ်ရာ၊ ခရစ်ယာန်က သုံးပါးတစ်ဆူ ဘုရား၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင် တို့က ဘုရားများစွာရှိသည်ဟု သွန်သင်ပါသည်။
အပယ်မှလွတ်မြောက်ရာတရားလမ်းကိုကြည့်လျှင် အစ္စလမ်က အလ္လာထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံခြင်း၊ သူ၏ ပညတ်တရား များကို လိုက်လျောက်ခြင်းနှင့် ကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့် ရနိုင်သည်ဟုသွန်သင်ပါသည်။
ခရစ်ယာန် ဘာသာက ယေရှုကို စစ်မှန်စွာ ယုံကြည်သူတိုင်းအား ကျေးဇူးတော်ကြွယ်ဝသော ဘုရားသခင်က ထာဝရ အသက်ကို လက်ဆောင် အဖြစ် အခမဲ့ပေးအပ်သည်ဟု သွန်သင်ပါသည်။ အပယ်ငရဲမှလွတ်မြောက်ဖို့ လူတို့မတတ် နိုင်ပါ၊ ဘုရားကသာ ပြုပေးနိုင်သည်ဟု ယုံကြည်ပါသည်။ ကိုယ်တိုင်ကျင့်မှရမည်ဟု အခြားဘာသာဝင်များက လက်ခံ ယုံကြည်သော်လည်း ခရစ်ယာန်များက ပညတ်တို့ကို စံနှုန်းထက်ကျော်လွန်စွာကျင့်နိုင်ဖို့ ဘုရား၏ကူမမှုရှိမှသာလျှင် ကျင့်နိုင်မည်ဟူသည့် ယုံကြည်မှုကို တွေ့ရပါသည်။
ဟိန္ဒူ ဘာသာ၏ အမြင့်ဆုံးပန်းတိုင်မှာ မိမိကိုယ်ကိုသိမြင်ပြီး ဘုရားသခင်နှင့် မိသဟာယဖွဲ့နိုင်သော သိစိတ်အဆင့် တစ်ခုကို ရရှိခြင်းသာ ဖြစ်ပါသည်။ အသက် ရှင်ခြင်း၊ သေဆုံးခြင်း၊ ပြန်လည်ဝင်စားခြင်း သံသရာတို့မှ လွတ်မြောက်ပြီး နတ်ဘုရား တစ်ပါးကဲ့သို့ဖြစ်လာသည်။ ထိုသို့သောအားဖြင့် တစ်ဦးချင်းစီ၏ မမြဲသောတရား အားလုံးအဆုံးသတ်သွားလေသည်။
ဗုဒ္ဓဝါဒ၏ ပန်းတိုင်မှာ ဆန္ဒအားလုံးကိုချိုးနှိမ်ခြင်းပင်ဖြစ်ပြီး နေ့စဉ်သီလ များတို့ကို ဆောက်တည်ကာ အဆုံးစွန် ပန်းတိုင်မှာ ဘဝအဖန်ဖန်လည်ရာသံသရာ သုံးဆယ့်တစ်ဘုံမှ လွတ်ငြိမ်းလျက် ဘာမျှမရှိ ဘဝချုပ်ငြိမ်း သွားသော နိဗ္ဗာန်တရား ဖြစ်ပါသည်။ အခြားဘာသာကြီး သုံးခုလုံးက ဖန်ဆင်းခြင်းကိုလက်ခံသော်လည်း ဗုဒ္ဓတွင် ဖန်ဆင်းခြင်းကိုလက်မခံပါ။
အထက်ပါ ဘာသာကြီးများ၏ အယူဝါဒကို ဖေါ်ပြရာတွင် အနှစ်ချုပ် ဖြစ်သည့်အတွက် စုံလင်ခြင်းမရှိပါ။ သို့သော် အခြေခံ အားဖြင့် ယေရှုကို မှန်ကန်စွာ ယုံကြည်ချက်မှလွဲ၍ ဘာသာကြီးများအားလုံး၏ တူညီသောအခြေခံယုံကြည်ချက်မှာ မိမိကိုယ်တိုင် ကျင့်ကြံ အားထုတ်နိုင်မှ ရမည်ဟူသောအချက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် တရားများက လုံးဝ မတူညီသောယုံကြည်မှုများဖြစ်၍ သေချာစွာ လေ့လာစမ်းစစ်ရွေးချယ် တတ်ကြဖို့ အလွန်အရေးကြီးပါသည်။ တူညီသည်ဟု သင်လက်ခံထားလျှင် ယခုပင် ပြန်ဆန်းစစ်ဖို့ လိုအပ်ပါသည်။
 

အစ္စလမ်


အစ္စလမ်ဘာသာကိုတည်ထောင်ခဲ့သူ တမန်တော်မိုဟာမက်အကြောင်း (အေဒီ ၅၇၀-၆၃၂ )
မိုဟာမက်သည် အေဒီ၅၇၀ တွင် စာပေယဉ်ကျေးမှုနှင့်ဝေးရာ မက္ကာမြို့ လေးတွင်မွေးဖွါးခဲ့ပါသည်။ ထိုဒေသတွင် နတ်ဘုရား အများကို ကိုးကွယ်ကြပြီး ဖန်ဆင်း ရှင်ဘုရားကိုကိုးကွယ်သော ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာဝင်ကုန်သည်တို့ ဝင်ထွက် နေထိုင် တတ်ကြသည်ဟု ဆိုပါသည်။ ထို့ကြောင့် မိုဟာမက်သည် ဖန်ဆင်းရှင်ဘုရား အကြောင်းကို ထိုသူတို့ထံမှ ကြားရခြင်းဖြစ်မည်ဟု ပညာရှင်များကဆိုကြသည်။ သူသည်စာမတတ်သူမိဘမဲ့တစ်ဦးဖြစ်ကြောင်းလည်း မှတ်တမ်းတင်ထား ပါသည်။  အသက်နှစ်ဆယ့် ငါးနှစ်အရွယ် တွင် ချမ်းသာသော မုဆိုးမတစ်ဦးနှင့် လက်ထပ်ခဲ့ကာ စတင်ထင်ပေါ်လာပါသည်။
အသက်လေးဆယ်အရွယ်တွင် ဖန်ဆင်းရှင်ဘုရား အကြောင်းကို လူတို့အား စတင်တရားဟောကြားလာကာ နောက်လိုက် အများလည်း ရှိလာပါသည်။ ၄င်းက အာဗြဟံယဇ်ပူဇော်ခဲ့သောသားမှာ ဣဇက်မဟုတ်၊ ဣရှမေလ ဖြစ်၏။ထို့ကြောင့် အာရပ်လူမျိုး သည် ဂျူးလူမျိုးထက် မြတ်၏၊ သူသည်လည်း ယေရှုထက်မြတ်၏ဟု  မိုဟာမက်ကဆိုပါသည်။ မိုဟာမက်၏ နောက်လိုက်များ များလာခြင်း ကြောင့် မြို့အာဏာပိုင်များက စိုးရိမ်ပြီး ၄င်းကို ငြိုငြင်လာသည့်အတွက် မက္ကာမြို့နှင့် မိုင် ၂၀ဝ ခန့်ဝေးသော မဒီနာမြို့လေးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ မဒီနာမြို့လေးကတော့ မိုဟာမက်ပြောသော ဖန်ဆင်းရှင် ဘုရားအကြောင်းနှင့် ၄င်းကို လက်ခံခဲ့ကြသည့်အတွက် ထိုမြို့ခံ နောက်လိုက်များနှင့် မက္ကာမြို့ကို အကြိမ်ကြိမ်စစ်ခင်းကာ ထိုမြို့လေးကို သိမ်းပိုက် နိုင်ခဲ့ပါသည်။ လူအများ၏ ယနေ့တိုင် ပြောဆိုခံနေရသော ၄င်း၏အားနည်းချက်မှာ မိန်းမ အများယူခဲ့ခြင်းနှင့် စစ်ဖြင့် သာသာနာကို အစပြုခဲ့ခြင်းပင် ဖြစ်ပါသည်။ ကျမ်းစာ က ဘုရား၏လူသည် သီလနှင့်ပြည့်စုံသော အပျိုစဉ်ကိုသာယူရမည်ဟု ပညတ် သော်လည်း တမန်တော် မိုဟာမက်၏ မယားများအထဲတွင် မုဆိုးမချည်း တစ်ဆယ့် တစ်ဦးပါဝင်သည်ဟု မှတ်တမ်းတင်ထားပါသည်။
မိုဟာမက်သေဆုံးချိန်တွင် မက္ကာနှင့် မဒီနာမြို့လေးသာ အလ္လာကိုကိုးကွယ် သည့် အစ္စလမ် ဘာသာဝင်များ အဖြစ် ရှိခဲ့သော်လည်း နောက်ပိုင်း မိုဟာမက်၏ တပည့်များက ဥရောပတိုက် တစ်ခုလုံးကို သိမ်းပိုက်နယ်ချဲ့ တော့မည့်အလား နိုင်ငံ အတော်များများကို သိမ်းပိုက်ခဲ့ပါသည်။ ၄င်းတို့ သိမ်းပိုက်ခဲ့သောနိုင်ငံများတွင် ခရစ်ယာန်နိုင်ငံအတော်များများလည်း ပါသွားပါသည်။ အစ္စရေး အပါအဝင် ဥရောပ တောင်ပိုင်း၊ မြောက်ပိုင်း၊ စပိန် ပေါ်တူဂီအထိ နှစ်ပေါင်းသုံးရာအတွင်း နယ်ချဲ့ သိမ်းပိုက်ခဲ့ ပြီး ထိုမြို့ရှိ ခရစ်ယာန်များ ကိုလည်း သတ်ဖြတ်ခဲ့သည်။ အစ္စရေးကိုသိမ်းပိုက်ပြီး အေဒီ၇၀ ခန့်တွင် ဖျက်ဆီးခံခဲ့ရသော ဗိမ္မာန်တော်နေရာတွင် ကျောက်မြတ် ဗလီကြီးကို တည်ဆောက်ခဲ့ ကာယနေ့တိုင်ထိုဗလီကြီးရှိနေဆဲဖြစ်ပါသည်။ သူတို့ သိမ်းပိုက်ခဲ့သော နိုင်ငံတိုင်းတို့သည်လည်း အစ္စလမ် ဘာသာဝင်များ ဖြစ်သွားကြပါသည်။ အေဒီတစ် ထောင်ခန့်တွင် ကက်သလစ်ဂိုဏ်းဝင်များဖြစ်ကြသည့် ပြင်သစ်နှင့် ဂျာမဏီ နှစ်နိုင်ငံဦးဆောင်ပြီး အစ္စလမ်များ သိမ်းပိုက်ထားသော မြို့အတော် များများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဘာသာရေး စစ်ကြီး ဖြစ်ခဲ့ပါသည်။ အစ္စရေးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ သော်လည်း ကျောက်မြတ် ဗလီကြီး ကိုတော့ မဖျက်ဆီးခဲ့ပါ။
အေဒီတစ်ထောင်ကျော်မှ အေဒီတစ်ထောင့်နှစ်ရာကျော်အတွင်း စစ်ကြီး ခုနှစ်ကြိမ်ခန့် ဖြစ်ပွါးခဲ့ပါသည်။ ထိုစစ်အတွင်း ဂျူးများကိုလည်း နှိမ်နင်းသတ်ဖြတ်ခဲ့ သည့်အတွက် ဂျူးနှင့် မွတ်ဆလင်များ ယနေ့တိုင် ခရစ်ယာန်ကို အမုန်းပွါး ခဲ့သကဲ့သို့ ထိုသူများခရစ်ယာန်ဖြစ်လာဖို့လည်း မလွယ်ကူရာအကြောင်း တစ်ရပ်ဖြစ်ခဲ့ပါသည်။ ဂျူးတို့ကို သတ်ရသည့် အကြောင်းမှာ ၄င်းတို့ကိုးကွယ်သည့် ယေရှုဘုရားကိုကားစင် တင်သတ်သောလူမျိုး ဖြစ်သည့်အတွက် ဂျူးလူမျိုးကို သတ်သင့်သည်ဟုယူဆ ခြင်းကြောင့် ဖြစ်ပါသည်။ ထိုအယူကို ဟစ်တလာလည်း လက်ခံပြီး ဟစ်တလာ လက်ထက်သူသတ်ခဲ့သောဂျူးအရေအတွက်မှာ အမှန်တကယ်ကိုးသန်းခန့်ရှိသည်ဟု သိရပါသည်။  သမ္မာကျမ်း ရှုဒေါင့်အရ ယေရှုကိုဂျူးတို့သတ်ဖို့တောင်းဆိုစဉ် သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌၄င်း၊ သားမြေးတို့ခေါင်းပေါ်၌၄င်း တည်ပါစေဟု ကျိန်ဆိုခဲ့သည့် အပြစ်ကြောင့်ဖြစ်ပါသည်။(မ ၂၇း၂၅) ယခုအခါ အစ္စလမ် ဘာသာဝင် လူသန်းပေါင်း တစ်ထောင့် ငါးရာခန့်ရှိနေပြီ ဖြစ်ကြောင်းကို သမိုင်းမှတ်တမ်း များအရ အနှစ်ချုပ်ကိုဖေါ်ပြပေးလိုက်ပါသည်။
 

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်းရဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................