Tuesday, March 19, 2013

သုံးပါးတစ်ဆူဘုရားအကြောင်း

သုံးပါးတစ်ဆူဘုရားအကြောင်း

လောကမှာအဖေက သားထက်ကြီးမြတ်သကဲ့သို့ ခမည်းတော်ဘုရားက သားတော်ယေရှုထက်ကြီးမြတ်သည် မဟုတ်ပါလား ?
သုံးပါးတစ်ဆူဘုရားအကြောင်းကို ထပ်မံရှင်းပြလိုပါသည်။ လူ့အမြင် ဖြင့်ကြည့်လျှင် ပုဂ္ဂိုလ်တစ်ဦးတည်းက သုံးယောက် ထင်ရှားသည်ဆိုသည်မှာ နားမလည် နိုင်ပါ။ အခြားဘာသာများတို့တွင်လည်း ဤကဲ့သို့သွန်သင်မှုမျိုး မရှိပါ။ သုံးပါးတစ်ဆူ လုံးသည် တန်ခိုးတူ၊ အဆင့်အတန်းတူ၊ အခွင့်အာဏာတူကြသော်လည်း လုပ်ဆောင် သည့်တာဝန်များကတော့ ကွဲပြားကြပါသည်။
ခမည်းတော်ဘုရားသည် ကြံစည်သောသူဖြစ်ပါသည်၊ သားတော်ဘုရားသည် လက်တွေ့လုပ်ဆောင်သူနှင့် သရုပ်ဆောင်သူ ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသည် တန်ခိုးအစွမ်းကိုပေးသောသူ ဖြစ်ပါသည်။ ဖန်ဆင်းခြင်း၊ လူတို့ကို ကယ်တင်ခြင်းမှ စ၍ အရာအားလုံးတို့ကို ပုဂ္ဂိုလ်သုံးပါးလုံး တိုင်ပင်ဆွေးနွေးကာ အတူတကွဆုံးဖြတ်ချက်ချပြီးမှ အတူတကွ လုပ်ဆောင်လေ့ ရှိပါသည်။ အပြန်အလှန် လေးစားမှုလည်းရှိပါသည်။
သားတော်ယေရှုဘုရားက စီမံကိန်းအားလုံးကို လက်တွေ့လုပ်ဆောင်သူ ဖြစ်သော်လည်း ယေရှု၏သက်တော်စဉ် ကိုလေ့လာကြည့်ပါက မည်သည့်အမှုကိုမဆို ခမည်းတော်ဘုရား၏ ခွင့်ပြုချက်မရဘဲ မလုပ်ဆောင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံမှ တန်ခိုးကို မခံရမခြင်းလည်း မည်သည့်အမှုကိုမျှမပြုပါ။ သက်တော်သုံးဆယ်ခန့်တွင် အမှုတော်ကို စတင်ထမ်းဆောင်ရန် ခမည်းတော်ဘုရား ထံတွင် အခွင့်တောင်းခံခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ တန်ခိုးကိုခံယူပြီးမှ အမှုတော်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။
ဘုရားသခင်က ငါတို့နှင့် တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့ဟု သုံးပါးတစ်ဆူဘုရားက ဆိုခဲ့သော်လည်း အမှန်တကယ်လက်တွေ့ ကွင်းဆင်း လုပ်ဆောင်သူမှာ ယေရှုဖြစ်ပါသည်။ (က ၁း၂၆) ထို့ကြောင့် ကျမ်းစာက ယေရှုသည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏၊ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ ဟု (ယော ၁း၃) ဆိုခဲ့ပြီး ယေရှုဘုရားသည် လူ့ဇာတိကို ခံယူခဲ့ကြောင်း (ယော ၁း ၁၄) ဖေါ်ပြထားပါသည်။ ခမည်းတော်သည် ဖန်ဆင်းတော် မူ၏ဟူ၍၄င်း သန့်ရှင်းသောဝိညာဉ်တော်သည် ဖန်ဆင်းတော်မူ၏ ဟူ၍၄င်း သီးသန့် အမည်နာမဖြင့် ဖေါ်ပြထားခြင်းမရှိပါ။
ဆက်လက်ပြီး ကျမ်းစာက ထိုသားတော်သည် ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ရှိသမျှသောရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင် အားဖြင့်၎င်း၊ ထိုသခင်အဘို့အလို့ငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ (ကော ၁း၁၆) ဆိုထားပါသည်။ အစိုးရခြင်းတန်ခိုး၊ အထွဋ်အမြတ်၊ အာဏာစက်တို့ဆိုသည်မှာ ကောင်းကင်တမန်များကို ဆိုခြင်းဖြစ်၍ ကောင်းကင်တမန်များကို လည်း ယေရှုကပဲဖန်ဆင်းထားပါသည်။
အထက်ပါကျမ်းပိုဒ်အရ ယေရှုအဘို့အလို့ငှါသာ ဖန်ဆင်းထားခြင်းဖြစ်လို့ ဖန်ဆင်းခံအရာအားလုံးကလည်း ယေရှုကိုပဲ မြင်ခွင့် ရရှိကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခမည်းတော်ဘုရားကို အဘယ်သူမျှ မမြင်စဘူး ဟု (ယော ၁း၁၈) ဆိုထားပါသည်။ ခမည်းတော်ကို မြင်တွေ့ခွင့်တောင်းသော ဖိလိပ္ပုအားယေရှုက ပြန်ပြောပုံမှာ ငါ့ကိုမြင်လျှင် ခမည်းတော်ကိုမြင်တာနဲ့အတူတူပဲ၊ ဖန်ဆင်း ခံသတ္တဝါ အားလုံးက ဘုရားနှင့်ပတ်သက်လို့ အမြင့်ဆုံးမြင်နိုင်တာငါပဲ၊ ‘ဒါကြောင့် ခမည်းတော်ကို မြင်ဖို့ငါ့ကို အဘယ့်ကြောင့် အခွင့်တောင်းရတာလဲဟု ယေရှုပြန်ပြောခဲ့ပါသည်။
(ယော ၁၄း၉-၁၀) (၁ တိ ၆း၁၆)
ယေရှုက ငါသည် ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်တော်မူ၏ ဟု မိန့်တော်မူ၏။ (ယော ၁၀း၃၀) ထိုတလုံးတဝတည်း ဆိုသည့် စကားသည် မူရင်းကျမ်းစကားအရ အရည်အချင်းတူ၊ အခွင့်တန်ခိုးတူ၊ အဆင့်အတန်း တူခြင်းကို ဖေါ်ပြခြင်းဖြစ်ပါသည်။ လောကတွင် အဖေကသားထက် ကြီးမြတ်သည်မှန်သော်လည်း သုံးပါးတစ်ဆူ ဘုရားတွင် ထိုသို့အဓိပ္ပါယ် မရှိပါ။ သမ္မာကျမ်းစာ တော်မြတ်တွင် ခမည်းတော်ဘုရား၏ အမည်နာမကို အက္ခရာစာလုံး အကြီးနှင့်သုံးသကဲ့သို့ သားတော် ယေရှုဘုရားကိုလည်း အဆင့်အတန်းတူညီမှုအနေဖြင့် အက္ခရာစာလုံးအကြီးဖြင့်သာ သုံးထားပါသည်။ လောကနှင့် မတူညီသောသဘောကို လူတို့သိရှိရန်အတွက် ကျမ်းစာတော်မြတ်တွင် ယေရှုကို မိမိ၌ တစ်ပါးတည်းသောသားတော် ဟု သုံးထားခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ယေရှုနှင့်တူသော သားတော်ဆိုသည့် အမည်နာမ စကြာဝဌာကြီးတွင် လုံးဝမရှိဟု ဆိုခြင်းဖြစ်ပါသည်။ လူသားဂုဏ်နှင့် မစပ်ဆိုင်ပါ။ ထိုကြောင့် ယေရှုက ငါသည် ခမည်းတော်နှင့် တစ်လုံးတဝတည်းဟု ဆိုခြင်းဖြစ်ပြီး ခမည်းတော်ထက် အနည်းငယ်နိမ့်သော ဘုရားငယ်လည်း မဟုတ်ပါ။
အရာအားလုံးကို ယေရှုဖန်ဆင်းသကဲ့သို့ အရာအားလုံးကိုလည်း ယေရှု ထိန်းချုပ်ထားကာ အရားအားလုံးတို့သည်လည်း ယေရှု၏ စီရင်ခြင်းလက်အောက် တွင်သာ ရှိကြပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာတော်မြတ်ထဲတွင်  သခင်ဟူသော အမည်နာမသည် ယေရှုဘုရားကိုသာ အဓိကရည်ညွှန်းထားခြင်း ဖြစ်ပါသည်။ ယေရှုသည် သခင်ဖြစ်က ကျွန်ုပ်တို့အားလုံးတို့သည် အသက်ရှင်ခြင်းနှင့် သေခြင်းကို အစိုးရသည့် သခင်ယေရှု၏ လက်တော်အောက်မှ ကျွန်များဖြစ်ကြပါသည်။ ထို့ကြောင့် သခင်ယေရှု၏ အမိန့်တော်ကို အကြွင်းမဲ့ နာခံလျက်၊ နေ့စဉ်အသက်ရှင်ခွင့်ရခြင်း အတွက် ကျေးဇူးတော်ချီးမွမ်းရပေမည်။         ငါသည် ခမည်းတော်ကိုတောင်း၍ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား သင်တို့နှင့် အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်ဟု ယေရှုက ဆိုခဲ့ပါသည်။ (ယော ၁၄း၁၆) ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအား ခမည်းတော်ထံမှ အကျွန်ုပ်တို့အပေါ်သို့ တိုက်ရိုက်စေလွှတ်မည်ဟု သိရှိရပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သမ္မာတရားကို သွန်သင် ပြသဖို့နှင့် ယေရှုဘုရား၏ ဘုန်းတော်ကိုထင်ရှားစေဖို့ရန် ကြွဆင်းလာခြင်းဖြစ်ပါသည်။ (ယော ၁၆း၁၃-၁၄) သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သုံးပါးတစ်ဆူဘုရားတွင် တတိယ မြောက်ပုဂ္ဂိုလ်ဖြစ်ပါသည်။
ယေရှုဘုရားက ငါသည် လောကသိြုွ့ကဆင်းလာရခြင်းသည် ငါ့ခမည်းတော် ၏ အလိုကို ပြည့်စုံစေဖို့ဟု နှိမ့်ချစွာ ဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့အားလုံးတို့သည်လည်း မိမိဘုန်းအသရေအတွက်ထက် ဘုရား၏ ဘုန်းထင်ရှားဖို့ရန်အတွက်သာ အသက်ရှင်ကြ ရပေမည်။ ထိုသို့ ဘုရားသခင်၏ ဘုန်းထင်ရှားနိုင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် ပူးပေါင်း၍ ယေရှုဘုရား၏ သက်သေခံကောင်းများ အဖြစ် လောကကြီးတွင် အသက်ရှင်ကြရမည် ဖြစ်ပေသည်။ (တ ၁း၅၊ ၈)


ချို့တဲ့မှုများ

 
မွေးရာပါ ကိုယ်အင်္ဂါစုံလင်စွာမပါသည့်ကလေးငယ်များနှင့် မသန်စွမ်းသူ များကို ဘုရားက အဘယ့်ကြောင့် ဖန်ဆင်းသနည်း?
ဘုရားရှင်သည် ပြည့်စုံသော ဘ၀ဖြင့် ဖန်ဆင်းခဲ့သော်လည်း ဘုရားကို ပုန်ကန်သော အကျိုးတရားမှ တရားစာရေ၊ ဘုရားစာရေ ဆိုသော ကျိန်ခြင်းမှ အို၊ နာ၊ သေခြင်း တို့ဖြစ်ပေါ်ခဲ့ပါသည် ထို့ကြောင့် ယနေ့မြင်တွေ့နေရသော အရာတို့သည် အကျိုးဆက်ပင်ဖြစ်သောကြောင့် အကြောင်းတရား မနာခံခြင်းကို ဦးစာအောက်မေ့ကာ နောင်တရကျပါစို့…
ဘုရားသည် အရာအားလုံးကို အကောင်းဆုံးနှင့် အကောင်းအတွက်သာ ဘုရား၏ဘုန်းတော်ထင်ရှားရန် ဖန်ဆင်းထားခြင်း ဖြစ်ပါသည်။ ငှက်များက ပျံသန်းတေးသီခြင်းဖြင့်၎င်း၊ ငါးများက ကူးခတ် ဆော့ကစားခြင်းဖြင့်၎င်း၊ ဘုရားဖန်ဆင်း သောလက်ရာ တို့ကို တာဝန်ကျေပွန်စွာ အလှဆင်နေကြပါသည်။ သို့သော် ဘုရားဖန်ဆင်းတော်မူသမျှကို ဖျက်စီးသောသူနှစ်ဦး ရှိပါသည်။ ထိုသူတို့မှာ စာတန်နှင့် လူသားများတို့ ဖြစ်ကြပါသည်။ စာတန်နှင့် လူတို့ပြုခဲ့သော ဆိုးကျိုးများ၏ အပြစ်အကျိုးဆက်များကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်ပါသည်။ သို့သော် ကိုယ်လက် အင်္ဂါစုံလင်စွာရှိသော လူကောင်းများထက် အစွမ်းများစွာထက်သော၊ စိတ်ချမ်းသာသော၊ ကြွယ်ဝ ချမ်းသာသော၊ မသန်စွမ်းသူများ လောကတွင် များစွာရှိနေပါသည်။ ဘုရားသည် တရားပါသည်။


ဒါဝင်သီအိုရီ

ဖန်ဆင်းခြင်းကို လက်မခံသောဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကို သင်ဘယ်လိုမြင်ပါသလဲ?
မင်းသမီးလေးကို ကယ်တင်ခဲ့သောမျောက်ကလေးအား နတ်သမီးက ရွှေမင်းသားလေးအဖြစ် ပြောင်းလဲ ပေးလိုက်ပြီး မင်းသမီးနှင့် ညားသွားလေသတည်း ဆိုသည့်အကြောင်းကို ငယ်စဉ်က ပုံပြင်အနေဖြင့်ကြားသိခဲ့ရပေမည့် ယနေ့ လူများတို့နှင့် ဆွေးနွေးသောအခါ ထိုမျောက်လေးသည်အမှန်တကယ် မင်းသားလေး ဖြစ်သွားကြောင်း သက်သေပြလျက်လက်ခံ ယုံကြည်ပါမှ သူတို့က လူရာသွင်းသတည်း။ ထို့ကြောင့် ကျွန်တော်သည် သူတို့နှင့် ဆွေးနွေးရာတွင် သဟဇာတမဖြစ်နိုင်ရခြင်းဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်က အတန်းထဲတွင် သူငယ်ချင်းနှင့် အငြင်းပွါးမှုတစ်ခု ဖြစ်ခဲ့ပါသည်။ ကျွန်တော်က လူသည် ဘုရားထံက ဆင်းသက်လာသော ဘုရားမျိုးဖြစ်သည်ဟုဆိုပြီး သူငယ်ချင်းက လူသည်မျောက်က ဆင်းသက်လာသည့် မျောက်မျိုး ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော်ကသူ့ကို လူသည် ဘုရားမျိုး ဖြစ်ကြောင်းရှင်းပြ၍ မရသည့်အဆုံး သူ့ကို ကျွန်တော်က ]လူဟာမျောက်က ဆင်းသက် လာတယ်ဆိုတာကို မင်းကယုံလို့ အခုမင်းက မျောက်ရုပ်ပေါက်နေပြီး တိရိစ္ဆာန်စိတ်ပါ ဝင်နေတာ} ဟုလည်းဆိုရော သူကမခံဘူး ကျွန်တော့ကိုပြန် ရန်တွေ့ပါသည်။ သူကအဲဒီလိုယုံကြည်လို့ အဲဒီလိုလိုက်ပြော ပြန်တော့လည်း စိတ်ဆိုးပြန်ဆိုတော့ ကြောင်းကျိုးမညီတဲ့ ယုံကြည်မှုလေးဖြစ်ကြောင်းကို ပြောပြရခြင်းပါ။ မျောက်ကမျောက်၊ လူကလူသာဖြစ်ပြီး မျောက်မှလူဖြစ်ရိုးမှန်က တိရိစ္ဆာန်ရုံမှမျောက်များ လှောင်အိမ်တွင်း ကြာရှည်စွာနေထိုင်ကာ သေသာသေသွားကြသည်၊ လူအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသောသမိုင်း လုံးဝမရှိပါ။
 

ဖန်ဆင်းရှင်ကိုသိနိုင်သည်


ဖန်ဆင်းရှင်ဘုရား ရှိကြောင်းကို သင်မည်ကဲ့သို့သက်သေပြမည်နည်း? ဤစကြာဝဠာကြီးသည်ပင် ဖန်ဆင်းရှင်ဘုရားရှိကြောင်း သက်သေဖြစ် ပါသည်။ ပန်ချီကားတစ်ချပ်ကိုကြည့်ပြီး ရေးဆွဲသူ ကိုမြင်မှယုံမည်ဆိုခြင်းထက် ထိုပန်းချီကားသည်ပင် ရေးဆွဲသူရှိကြောင်း ထို့ထက်ခိုင်လုံသော သက်သေမရှိပါ။ စကြာဝဠာတည်ရှိ နေရခြင်း၏အကြောင်းနှင့်ပတ်သက်၍ လူတို့ကြားတွင် ဆိုကြသော အချက်သုံးချက်ရှိပါသည်။ ပထမအချက် ဤစကြာဝဠာကြီးသည် ကာလအစဉ်အဆက် တည်ရှိနေသော အရာဟူသောအဆိုကို သိပ္ပံပညာရှင်များ လုံဝ လက်မခံပါ။ ကြယ်စဉ်စုဂလက်စီများ ရွေ့လျားမှု၊ ရောင်ပြန်လှိုင်းထုတ်လွှင့်မှုနှင့် အခြားသက်သေ အထောက်အထားများအရ ဖြစ်တည်ခဲ့သောအချိန်တစ်ချိန်ရှိခဲ့ကြောင်းကို သိပ္ပံပညာရှင်များအားလုံးက ဖေါ်ပြထားပြီး ဖြစ်ပါသည်။ ကမ္ဘာကြီးသည် သိပ္ပံနည်းကျ ရှင်းပြလို့ရတဲ့အခြေအနေထက် သာလွန် ခက်ခဲနက်နဲကြောင်း သိပ္ပံပညာက နောက်ဆုံး အဖြေထုတ်ပေးခဲ့ပါသည်။ စကြာဝဠာကြီး သည် သဘာဝလွန် ဖြစ်ရပ်များအားဖြင့်သာလျှင် အလွန်အံ့ဩ ဖွယ်ရာ ကောင်းသည့် ဖြစ်တည်နေမှုဟု ဆိုခဲ့ပါသည်။ ဒုတိယအချက်အနေဖြင့် ဤစကြာဝဠာကြီးသည် မိမိဘာသာ အလိုအလျှောက် ဖြစ်တည်လာသည် ဟူသောအဆိုကို ဒဿနိကဗေဒ ရှုထောင့်အရ လက်ခံနိုင်ဖွယ်ရာ မရှိပါ။ ဗလာနတ္တိသည် ဗလာနတ္တိသာလျှင်ဖြစ်ပြီး မည်သည့်အရာကို ဖြစ်ပေါ်စေမည် မဟုတ်ပါ။ ၄င်းတွင် မြင်နိုင်ခြင်း၊ အနံ့ခံနိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်း၊ တွေးခေါ်နိုင်ခြင်းလည်း မရှိလို့ ၄င်းတွင် ဖန်တီးနိုင်ခြင်းလည်း မရှိပါ။ တတိယအချက်အနေဖြင့် စကြာဝဠာကြီး၏ အပြင်ဖက်မှ တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ဦးက ဖန်ဆင်းထားပါသည် ဟူသောအဆိုတို့ဖြစ်ပါသည်။ ဤစနစ်တကျလည်ပတ်နေသော စကြာဝဠာကြီး၏ အပြင်ဖက်တွင် စကြာဝဠာ ထက်ကြီးမြတ်သော မဟာ တန်းခိုးကြီးပုဂ္ဂိုလ်တစ်ပါးက အရာအားလုံးကို ထိန်းချုပ်ထား ပါသည်။ ဖန်ဆင်းခြင်းလက်ရာတော်တွေကို တွေ့မြင်နေရပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို မယုံကြည်နိုင်ဘူးဆိုတာကတော့ ကျွန်တော့အတွက်ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဟု နက္ခတ္တပညာရှင်ဲသ့ညွူနညည ၁၉၂၁ က ဆိုခဲ့ပါသည်။ ဖန်ဆင်းရှင်ဘုရားသခင်ကို လူတို့တွေ့ရှိဖို့ ဘုရားက အဘယ်ကဲ့သို့ ပြုပေး ခဲ့ပါသနည်း ? ဘုရားက သူ့ကိုလူတို့တွေ့ရှိရန် သူကိုယ်တိုင်ပဲ လုပ်ဆောင်ပါသည်။ ဥပမာ ယေရှုဆိုသည့် လူ့ခန္ဓာကိုယ် ဖြင့် လောကသို့ ကြွဆင်းလာခြင်းဖြင့်၎င်း၊ သူပြုခဲ့သောအမှု နှင့် အသက်တာအားဖြင့်၎င်း၊ ပြခဲ့ပါသည်။ သူ့ကို လိုအပ်သူတိုင်းအတွက် အမြဲ အဆင်သင့် ရှိနေပါသည်။ ငါ့ကိုရှာလျှင်အတွေ့ခံမည်ဟုလည်း ကတိပေးထားပါသည်။ (ယေရမိ ၂၉း၁၃) သို့သော် သင်၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ကျော်လွန်ပြီး သူ့ကိုလက်ခံဖို့ အတင်းအကြပ် လုပ်လိမ့်မည် မဟုတ်ပါ။ သင်ကိုယ်တိုင်က ဘုရားကိုမရှာဘဲ မိမိကိုယ်တိုင်ကပင် ဘုရားဖြစ်လိုသည်ဆိုလျှင်တော့ ဘုရားကို သင်တွေ့ခွင့်ရလိမ့်မည်မဟုတ်ဘဲ သင့်ကိုယ်သင်သာ တွေ့ရပါလိမ့်မည်။
 

ကာဣန မိန်းမက ဘယ်ကလည်း?။

ဘုရားက လူဘယ်နှစ်ဦး ဖန်ဆင်းခဲ့ပါသလဲ၊ ကာဣိနက ဘယ်နေရာမှ ဘယ်လို မိန်းမရသွားတာပါလဲ?
လူနှစ်ဦးတည်းသာ ဖန်ဆင်းခဲ့ပါသည်။ ယေရှုကိုယ်တိုင်ကလည်း အစအဦး၌ လူနှစ်ဦးတည်းသာ ဖန်ဆင်းခဲ့ကြောင်း ဆိုခဲ့ပါသည်။ (မ ၁၉း၎) ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီးတစ်ကို ဖတ်ကြည့်လျှင် အာဗြဟံမှ ဆင်းသက်လာသော ယေရှု၏ ဆွေတော်စဉ် မျိုးတော်ဆက် စာရင်းဟူမူကား၊ အာဗြဟံသားဣဇက် ၊ ဣဇက်သား ယာကုပ် ဟုအစပြုထားပါသည်။ အမှန်မှာ ဓမ္မဟောင်းကျမ်းကို ပြန်လေ့လာကြည့်ပါက အာဗြဟံသား ဣဇက် တစ်ဦးတည်းမဟုတ်ပါ၊ ဣဇက်သားလည်း ယာကုပ်တစ်ဦးတည်း မဟုတ်ပါ။ (ရှင်ယောဟန်ခရစ်ဝင် ၂၁း၂၅) တွင် ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြားရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာ များပြားလိမ့်မည် ဟုထင်မှတ်ခြင်းရှိ၏ဟု ဓမ္မသစ်ကျမ်းတွင်ဆိုထားပါသည်။
ထို့နည်း၎င်း အာဒံ၏ သားသုံးဦးသာရှိသည်ဟု ထင်ရသော်လည်း (ကမ္ဘာဦးကျမ်း ၅း၎) တွင် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍ သားသမီးများ ကိုမြင်လေ၏ဟု ဖေါ်ပြထားပါသည်။ ထို့ကြောင့်သားသုံးဦးတည်းမဟုတ်ပါ။ ဘီစီ ၁၅၀ဝ ရောက်သောအခါမှ မောရှေအားဖြင့် ဘုရားက မောင်နှမချင်းမယူဖို့ ပညတ်ခဲ့ပါသည်။ မယူရဟု ပညတ်ခြင်းသည် ယူကြခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကာဣိနသည် ၄င်း၏ ညီမတော်သူနှင့် ယူခဲ့ပါသည်။ အချင်းတို့များပြားစွာ မွေးကြလော့ဟု ဘုရားအမိန့်တော်ရှိ သည့်အတွက် လူဦးရေတိုးပွါးဖို့ စုံဖက်ကြခြင်းသာ လျှင်ဖြစ်ပါသည်။
အာဒံနှင့် ဧဝအပြင် အခြားလူများကိုလည်း ဘုရားကဖန်ဆင်းထားသည်ဟု ယူဆပါက အာဒံလုပ်သော အပြစ်ကြောင့် ဘုရား နှင့်အဆက်ပြတ်ခဲ့ပြီး အာဒံမှ ဆင်းသက်လာသောလူသားတိုင်း ဘုရားနှင့်အဆက်ပြတ်ခဲ့ရသည်ကို အဆက်ရဖို့ ယေရှုပြုပေးခဲ့သော ကယ်တင်ခြင်းအမှုသည် ဆက်စပ်မှုမရှိတော့ပါ။ သမ္မာတရားနှင့် လည်း ကိုက်ညီမှု မရှိတော့ပါ။ ထို့ကြောင့် အာဒံနှင့် ဧဝနှစ်ဦးတည်းမှ လူများဆင်း၍ သက်လာခြင်းသာလျှင် ဖြစ်ပါသည်။ (ရော ၅း၁၉)
 

ဖန်ဆင်းရှင်ရှိတော်မူသည်


ဖန်ဆင်းရှင်ဘုရား ဆိုင်ရာမေးခွန်းများ

အရာခပ်သိမ်းသည် ဖန်ဆင်းပြုလုပ်သူ လိုအပ်သည်ဟု ခရစ်ယာန်များ၏ အဆိုအရ ဘုရားကိုမည်သူဖန်ဆင်းပါသနည်း?
လောကကြီးတွင် အဖြူနှင့်အမည်း၊ အကောင်းနှင့်အဆိုး၊ အတုနှင့် အစစ် အစရှိသည့် ဆန့်ကျင်ဖက်တရားများ နှင့် ဖြစ်တည်နေပါသည်။ ထိုတရားသဘောအရ မတည်မြဲသည့် သင်္ခါရဆိုသည့်တရားရှိသလို ထာဝရတည်မြဲသည့် အစဉ်ထာဝရဆိုသည့် တရားကလည်း ရှိရမည်ဖြစ်ပေသည်။ သို့သော် လူအချို့က မတည်မြဲသောတရား၏ ဆန့်ကျင်ဖက်တရားသဘောအရ ထာဝရ တည်မြဲခြင်းဆိုသည့် တရားလာရမည့်အစား ချုပ်ငြိမ်းသွားခြင်းဆိုသည့် ကြောင်းကျိုးမညီသော တရားသဘောအယူရှိကြသည့် အတွက်ကြောင့် ဖန်ဆင်းရှင်နှင့် ထာဝရဘုရားအကြောင်းကို လက်မခံနိုင်ခြင်းနှင့် ဤမေးခွန်းကြီး ထွက်ပေါ်လာရခြင်းအကြောင်း ဖြစ်ပါသည်။
ယနေ့မျက်မြင်ရသောအရာမှန်သမျှသည် သင်္ခါရတရားများ ဖြစ်ပြီး တစ်နေ့ ကွယ်ပျောက် သွားရမည် ဖြစ်သော်လည်း မျက်မြင်မရသော သန့်ရှင်းသည့် ဘုရားသခင်သည် ထာဝရတည်သော နာမ်ဝိညာဉ် (ယော ၄း၂၄) ဖြစ်ပါသည်။ လူအစစ် အမှန်အမှန်မှာလည်း လူ့အတွင်းရှိ ထာဝရအသက်ရှင်နိုင်သော နာမ်ဝိညာဉ်ဖြစ်ပါသည်။ မျက်မြင်ရသော ဖြစ်တည်နေသည့် အရာအားလုံးတို့သည်  ဖြစ်ခဲ့သောအချိန် တစ်ချိန် ရှိခဲ့ကြောင်းနှင့် မျက်မြင်မရသော ထာဝရဘုရားက အရာခပ်သိမ်းတို့ကို ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။
ထာဝရဘုရားသည် အနန္တ အဆုံးအစမရှိသော ကမ္ဘာအဆက်ဆက်၏ ဘုရားဖြစ်သည်ဟု (ဆာ ၉၀း၂) တွင်ကျမ်းစာကဖေါ်ပြ ထားပါသည်။ ထိုဘုရားကို မည်သူမျှ မဖန်ဆင်းပါ။ ဖန်ဆင်းပေးမည့်သူလည်း မလိုအပ်ပါ။ ထိုအရှင်ကသာလျှင် အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်းသာလျှင်ဖြစ်ပါသည်။ ထိုကဲ့သို့သောအရှင်ကို ဘုရားအပေါင်း၏ သခင် ဘုရားသခင်ဟုလည်းခေါ်ပါသည်။ (ဟေရှာ ၄၄း၂၄၊ ယော ၁း၃) ။ ထိုကြောင့်ထိုအရှင်က ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ (ရော ၁၁း၃၃-၃၆)

 

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်းရဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................