Thursday, December 9, 2010

happy birthday ချစ်သူ


ဇူလိုင်လရဲ့မိုးရေစက်တို့အောက်မှာ..ချစ်သူ့မွေးနေ့ကိုရောက်ခဲ့ပြန်ပါပြီ
“ပျော်ရွှင်စရာမွေးနေ့မင်္ဂလာဖြစ်ပါစေ”
အနားမှာမရှိတော့တဲ့ချစ်သူအတွက်..ကျွန်မဆုတောင်းပေးမြဲဖြစ်ပါသည်။ ဒီလိုနေ့ရက်မျိုးမှာ..ချစ်သူကိုပျော်ရွှင်နေစေချင်ပါသည်။ထားခဲ့ရက်သူကို..တမ်းတစိတ်ကြောင့် သက်ပြင်းတစ်ခါရှိုက်မိတိုင်း..စူနစ်နာကျင်ရပေမယ့်..
ကျွန်မချစ်သူကိုတော့..အမှန်တကယ်ပျော်ရွှင်နေစေချင်ပါသည်။
ကျွန်မကတော့…
ညှို့မှိုင်းအုံ့ဆိုင်းနေသော..မိုးတိမ်သားများကိုကြည့်ပြီး..လွမ်းသည်…
အညှိုးတကြီးရွာနေသော..မိုးရေစက်များကိုကြည့်ပြီး…လွမ်းသည်…
မိုးရေစက်တို့ခိုတွဲနေသာ…သစ်ရွက်စိမ်းစိုစိုတို့ကိုကြည့်ပြီးတော့လည်း..လွမ်းနေမိပါသည်…
“သူများချစ်သူတွေက..သေးသေးကွေးကွေးလေးဆိုတော့..rain coat
ထဲကောက်ထည့်သွားလို့ရတယ်..ကျွန်တော့ချစ်သူကိုတော့..rain coat
ထဲထည့်သွားဖို့မလွယ်ဘူး. ..ထီးကြီးကြီးတော့ဝယ်ထားမှ“
ဟု ရွှတ်နောက်နောက်ပြောခဲ့ဖူးသော..ချစ်သူသည်..ယခုနှစ်မိုးရာသီတွင်..သူဝယ်ထားသောထီးကြီးကြီးနှင့်… ဘယ်သူ့ကိုများဆောင်းပေးနေမှာပါလိမ့်…
ကျွန်မကတော့..လူတစ်ကိုယ်စာလုံလောက်သောခေါက်ထီးကလေးနှင့်..မိုးရေထဲမှာ..တစ်ယောက်တည်းလမ်းလျှောက်ဆဲဖြစ်ပါသည်။

လေပြင်းတို့သည် ရွာမယောင်ပြသော..မိုးတိမ်သားတို့ကိုလွင့်မျောပျောက်ကွယ်သွားစေနိုင်သော်လည်း.. အတိတ်ကိုတော့မပျောက်ကွယ်စေနိုင်ပါ။

“အိပ်မက်မှမဟုတ်ခဲ့ဘဲကွယ်”

ကျွန်မရဲ့လုပ်ငန်းခွင်ထဲကစိတ်ဖိစီးမှုတွေကို..သူကနှစ်သိမ့်ပေးခဲ့သလို သူရဲ့သင်ခန်းစာတွေနဲ့မွန်းကျပ်မှုတွေကို..ကျွန်မကဖေးမကူညီခဲ့ဖူးသည်။

အိမ်ပြန်ချိန်နောက်ကျတတ်တဲ့.ကျွန်မအတွက်.သူကစိတ်မချတတ်ခဲ့သလို ဆိုင်ကယ်မြန်မြန်မောင်းတတ်တဲ့ သူ့အတွက် ကျွန်မက စိုးရိမ်နေခဲ့ဖူးသည်။

လှပခဲ့သောအတိတ်တွင်..အတူသွားခဲ့သောနေရာများ၊ ပျော်ရွှင်ကြည်နူးခဲ့သောညနေခင်းလေးများ…

“ကံတရားကရက်စက်လွန်းလှတယ်ကွယ်”

ချစ်သူကိုအပြင်မတင်ရက်သောအခါ ကံကြမ္မာ ကိုသာအပြစ်တင်မိပါတော့သည်။

ခွဲခွါခြင်းသည် ကျန်ခဲ့သူကိုရော..ချန်ခဲ့သူကိုပါ..နာကျန်စေနိုင်သည်ဟုဆိုသော်လည်း အခြေအနေမတူသူနှစ်ယောက်အဖို့တော့…ခံစားချက်ခြင်းလည်း..ဘယ်လိုနည်းနဲ့မှမတူညီပါ။

စိတ်ကူးထဲမှာမှီနွဲ့ခဲ့ဖူးပေမယ့် အပြင်မှာတစ်ခါမှမမှီနွဲ့ခဲ့ဖူးသော.ချစ်သူပခုံးဘေးမှာ.. ကျွန်မမဟုတ်သော အခြားတစ်ယောက်အစားထိုးရောက်ရှိနေနိုင်ပါသည်။

သူ့အခန်းထဲမှာကပ်ထားသည်ဆိုသော ကျွန်မရဲ့ဓါတ်ပုံများနေရာတွင် အခြားတစ်ယောက်၏ ဓါတ်ပုံများနေရာယူထားနိုင်ပါသည်။

ဟက်ဟက်ပက်ရယ်မောတတ်သော မိန်းကလေးတစ်ယောက်အစား သိမ်မွေ့စွာပြုံးရယ်တတ်သူလေး တစ်ယောက် အစားထိုးရောက်ရှိနိုင်ပါသည်။

တစ်ခါတစ်ရံမှာတော့..ချစ်ခဲ့မိပါသည်ဆိုသော မိန်ကလေးတစ်ယာက်ကိုသတိရကောင်း သတိရမိနိုင်ပါသည်။ စလင်းဒီယွန်ရဲ့ To love you more သီချင်းသံကိုကြားမိတဲ့အခါ၊ စတော်ဘယ်ရီဖျော်ရည်သောက်တဲ့အခါ၊ မိုးရေထဲမှာလမ်းလျှောက်ထွက်တဲ့အခါ…

ဘာပဲဖြစ်ဖြစ်နောက်တစ်ယောက်ရဲ့ရင်ခွင်မှာ ချစ်သူပျော်ရွှင်နေစေချင်ပါသည်။

“ကွန်ဂရက်ကျူလေးရှင်း“

တကယ်လို့များ …မိတ်ဆက်ပေးလာခဲ့လျှင် ချစ်သူ့ဘေးနားက မိန်းကလေးကို အကြည်လင်ဆုံးပြုံးပြနှုတ်ဆက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါအုံးမည်။အချိန်နဲနဲတော့ရသေးတယ် မဟုတ်လားကွယ်။

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်း၇ဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................